ရှင်ဆံတော် (ကလိန်အောင် ဆံတော်ရှင်စေတီ)

 





    ဆုတောင်ပြည့် ကလိန်အောင်ဆံတော်ရှင် စေတီတော်သည် ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားကြီးမှ မြောက်ဘက် ထားဝယ်-ရေး ကားလမ်း၊ (၄၇) မိုင်အကွာ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တောင်ပေါ်တွင် တည်ရှိသည်။

    ဂေါတမမြတ်စွာဘုရား (၁၁) ဝါမြောက်တွင် မြောက်ဥတ္တရတုရုကျွန်းမှ ဆွမ်းခံတော်မူပြီးအပြန် ဝေမိဿကတောင်အရောက်တွင် ဂဝံမတေ့ရသေ့၊ ဒူရကနတ်သား၊ ကုမ္ဘဏ္ဍနတ်ဘီလူးတို့မှင့် ကြုံကြိုက်၍ဖူးတွေ့ကြရသည်ဆို၏။ ဘုရားရှင်က ဆံတော်သုံးဆူပေး၍ ရသေ့၊ နတ်သားနှင့် ဘီလူးတို့အား ဝေဿဝဏ္ဏတောင်ကုန်း၌ ရှေးဘုရားသုံးဆူဖြစ်စော ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဆံတော်တို့နှင့်အတူ မိမိ၏ ဆံတော်သုံးဆူကိုပါ ဌာပနာရန်ဗျာဒိတ်ထားတော်မူခဲ့သည်။

    ဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်း ဝေဿဝဏ္ဏတောင်ကုန်းတွင် စောက်အတောင် (၄၀)၊ အနံအလျား အတောင် (၃၀) တူးပြီး ကျောက်အဂ်တေတို့ဖြင့် ချောမွေ့သေသပါစွာဖြင့် ဆံတော်သုံးဆူဌာပနာ၍ ဉာဏ်တော် (၁၅) တောင်ရှိကျောက်စေတီကို တည်ထားသည်။ ဤစေတီသည် ဆုတောင်ပြည့်စုံသည့်အတွက် ဆုတောင်းပြည့်ဆံတော်ရှင်ဟု တွင်သည်။

    ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင်တော်လေးဆူတို့၏ ဆံတော်မြတ် (၃) ဆူစီ ကိန်းအောင်းစံပယ်တော်မူ၍ တစ်ဆယ်နှစ်ဆူသော ဆံတော်မြတ်တို့ ရောင်ခြည်တော် အသွယ်သွယ် ကွန့်မြူးရာ ကလိန်အောင်ဆုတောင်ပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး ဖြစ်သည်ဟုလည်းအဆိုရှိပေသည်။

    ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်၏ ဘုရားပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ နှစ်စဉ်တပေါင်းလပြည့်ကျရောက်တိုင်း ကျင်းပလာခဲ့ပါသည်။ ဘုရားပွဲတော်ကျင်းပရက် နီးကပ်လာလျှင်ဆုတောင်းပြည့်ဆံတော်ရှင် စေတီတော်မြတ်ကြီးသည် နှစ်စဉ် ရောင်ခြည်တော် အသွယ်သွယ် ကွန့်မြူးသည်ကိုအနယ်နယ်မှ ဘုရားဖူးပြည်သူများကိုယ်တွေ့မျက်မြင်ဖူးမြော်ခဲ့ကြရပါသည်။စေတီပေါ်ရှိ ကျောက်တုံးပေါ်မှ ရေထွက်လျက် ရှိသည်မှာအလွန်ထူးခြားအံ့ဩဖွယ်ဖြစ်သည်။

    ရှင်ဆံတော်ရှင် (ခ) ကလိန်အောင်ဆံတော်ရှင် စေတီသည် ရှင်ကိုးရှင် အစဉ်တိုင်းတွင်နံပါတ် ကိုး၌ရှိပါသည်။


Comments

Popular posts from this blog

ရှင်တောင့်ပုံ စေတီတော်ဘုရား

ရှင်မျှော်တောင် စေတီတော်ဘုရား