ရှင်မုတ္ထီး ဘုရား
ရှင်မုတ္ထီးဘုရားသည် ထားဝယ်မြို့၊ ရှင်မုတ္ထီးရွာတွင်တည်ရှိသည်။ ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် ( ၆ ) မိုင်ကွာ ၊ ထားဝယ် - မြိတ် ကားလမ်းနံဘေးတွင် တည်ရှိပါသည်။
ရှင်မုတ္ထီးဘုရားသမိုင်း
ဂေါတမမြတ်စွာဘုရားသာသနာတော်သည် ကောဇာသက္ကရာဇ်(၉၃၀) လွန်၍ မင်း(၆၆)ဆက်ရောက်လတ်သောအခါ သီဟိဠ်ကျွန်းကို အစိုးရတော်မူသော မဟာနာမမင်းလက်ထက် အရှင်မဟာအရဟံ ရဟန္တာမထေရ်မြတ်ကြီးသည် ကြီးစွာသော ပူပန်တော်မူခြင်းဖြစ်တော်မူသည်မှာ သုံးလောကဘဂဝါ အစိန္တေယျာ၏ သာသနာတော်ငါးထောင်တည်သရွေ့ကာလပတ်လုံး မည်သည့်တိုင်ပြည်၊ မြို့ရွာ၌ဘုရားသာသနာတည်ထွန်းပါအံ့နည်းဟု ဆင်ခြင်တော်မူသည်ကို သိကြားမင်း သိတော်မူ၍ မထေရ်ကြီးထံ ချဉ်းကပ်ပြီးလျှင် အကျိုးအကြောင်းမေး၍ အရှင်ဘုရား စိုးရိမ်တော်မမူပါနှင့်။ ဤဘဒ္ဒကမ္ဘာဝယ် ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူရုပ်ပွားတော်နှင့် သဏ္ဌာန်တူထုလုပ်တော်မူ၍ သရီရဓာတ်တော်သွင်းတော်မူပြီး ကျောက်ကမ္ပည်းထုလုပ်ပြီးလျှင်မဟာဗောဓိပင်အစစ်မှ လေးစေ့သော ဗောဓိစေ့ပျိုးလိုက်၍ လေးဌာနမြို့ဒေသသို့ သာသနာတော်တည်ရာ ကြွတော်မူပါဘုရားဟု အရှင်နှင့်တကွ ရဟန္တာအပေါင်းတို့သည်လည်းကောင်း၊ ဘုရားတပည့်တော်တို့သည်လည်းကောင်း သစ္စာအဓိဠာန်ပြုတော်မူပြီး လွှတ်တော်မူပါလျှင် အောင်မြင်တော်ပါမည်ဟု သိကြားမင်းက လျှောက်ထား၍ သိကြားမင်းစီမံသည့်အတိုင်း ထိုလေးဆူသောကိုယ်စားတော်များကိုရေတွက်မျှောလိုက်လေ၏။
ထိုလေးဆူသော ရုပ်ပွားတော်တို့မှာ (၁) ပုသိမ်မြို့ ရှင်မုဠောဘုရား၊ (၂) ကျိုက်ထိုမြို့ ကျိုက်ပေါလောဘုရား၊ (၃) ကျိုက္ခမီမြို့ ကျိုက္ခမီရေလယ်ဘုရား၊ (၄) ထားဝယ်မြို့ ရှင်မုတ္ထီးဘုရားတို့ဖြစ်ကြပါသည်။
Comments
Post a Comment